Thursday, May 19, 2016

*ထူးမြတ်ကဆုန် လွမ်းဘို့ကြုံ*


===============
ထူးမြတ်ကဆုန် လွမ်းဘို့ကြုံသော

ပန်းမှုံဖူးကြ ဤသည့်လမှ
ဗုဒ္ဓလောင်းလျာ သုမေဓာသည်
မြတ်စွာဒီပင် နှုတ်ပလ္လင်မှ
ထုတ်ဆင်ချွေခ ဗျာဒိတ်ရလို့
မြတ်လှကဆုန် စသည့်ပုံ---
---စွမ်းကုန် ထူးလှပေတော့သည်...။

ရဂုံသာမော အင်ကြင်းတောတွင်
ရှင်စောမြတ်စွာ အလောင်းလျာသည်
မဟာသက္ကရာဇ် ခြောက်ဆယ့်ရှစ်နှစ်
လဖြင့်ကဆုန် ဖွားလာပုံက
တဖုံထူးခြား ခုနှစ်လှမ်းသွား၍
စကားသုံးခွန်း မိန့်ချွေမွှန်းပြီ
ဤဇမ္ဗူမှာ ငါသာလျှင် လွန်ပင်မြတ်လှပေတော့သည်...။

လေးဆယ်ငါးဝါ ကာလကြာအောင်
ဗြဟ္မာနတ်လူ သုံးဘုံသူတို့
အပူအေးစေ တရားချွေ၍
မြန်းလေနိဗ္ဗူ စံတော်မူသည်
များလူတမ်းလို့ မျက်ရည်စို့ကာ
လွမ်းဘို့ရယ်ကြုံ လကဆုန်---
---မြင်ရုံ မှန်းမိပါတော့သည်...။

ဖြစ်ခြင်းပျက်ပုံ အလုံးစုံကို
သိမ်းခြုံစကား နောက်ဆုံးအားဖြင့်
လှစ်ကြားမိန်လာ အပ္ပမာဒ
ရင်မှာသတိ မြဲထားရှိ၍
ပွားသိအားထုတ် နာမ်နှင့်ရုပ်ကို
အဟုတ်ခွဲခြား သိမြင်ငြားမှ
သင်ကားချမ်းသာ အမတာသို့
မှန်းကာတွေးချင့် ဘေးမသင့်စေ
နေရစ်ပေလော...။
ချွေလေမိန့်ပုံ သိမ့်သိမ့်တုန်--
---ရင်(အ)စုံ လွမ်းမိပါတော့သည်...။ ။
===================

0 comments:

Post a Comment